ရန်ကုန်မြို့၌ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းဖွင့်ပွဲကျင်းပ

မရမ်းကုန်း အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲ သူများ သင်တန်းအမှတ်စဉ်(၂/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ (၉)မိုင်ဝင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပတင်ပို့ရာတွင်လည်ကောင်း၊ ပြည်တွင်းစားသုံးသူများ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများတွင် ပိုးသတ်ဆေး ဓါတ်ကြွင်းကင်းစင်ရေးသည် အရေးကြီးကြောင်းနှင့် ပိုးသတ်ဆေးအား ဥပဒေနှင့်အညီရောင်းချရန် လိုအပ်ကြောင်း၊ စနစ်တကျကိုင်တွယ်အသုံးပြုရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)၊ သီးနှံကာကွယ်ရေးဌာနခွဲမှ သင်တန်းမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ခင်လေးဇံမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်း စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက ဘာသာရပ်အလိုက် ရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါ သင်တန်းကို အောက်တိုဘာ(၂၉)ရက်မှ (၃၁)ရက်ထိ (၃)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး၊ ပိုးသတ်ဆေးရောင်းချသည့် လုပ်ငန်းရှင်များ၊ ပိုးသတ်မှိုင်းတိုက်လုပ်ငန်းဆောင်ရွက်သူများ စုစုပေါင်း သင်တန်းသား(၂၆၉)ဦး တက်ရောက်ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)