တွံတေးမြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် မြို့တွင်းနှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များ အစဉ်အလာမပျက် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်

တွံတေး အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ရှေးစဉ်လာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်​သော မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့လှည့်လည်ပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့နှင့် လပြည့်နေ့တို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွင် ယခုနှစ်တွင် ရက်ကန်းစင်(၇)စင်ဖြင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်းဖြစ်ပြီး ယခုနှစ်မှာပြိုင်ပွဲမျိုးမဟုတ်ဘဲ ရှေးစဉ်လာမပျက်ရေး ရက်လုပ်ပူဇော်သွားမှာဖြစ်ကြောင်း၊ ရွှေဆံတော်စေတီတော်ရဲ့ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲကို ယခုနှစ်မှာ ပြိုင်ပွဲမကျင်းပနိုင်ပေမယ့် ရက်ကန်းစင်(၇)စင်ဖြင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်သွားမှာဖြစ်ပြီး ရက်လုပ်ပြီစီးသွားသည့် မသိုးသင်္ကန်းများအား လပြည့်နေ့နံနက် ၄ နာရီမိနစ် ၃၀ တွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်တန်ဆောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား မသိုးသင်္ကန်း ကပ်လှူပူဇော်သွားမှာဖြစ်ကြောင်း သိရသည်။ မသိုးသင်္ကန်း ရက်လုပ်ပူဇော်သော ရက်ကန်းစင်များဖြစ်သည့် အမရာစင်တော်၊ သမ္ဘူလစင်တော်၊ သုစိတာစင်တော်၊ မဒ္ဒီဒေဝီစင်တော်၊ ဂေါတမီစင်တော်၊ သုဇာတစင်တော်၊ ပပဝတီစင်တော် ရက်ကန်းစင်(၇)စင် ရက်လုပ်ပူဇော်ပြီးသော သင်္ကန်းများအား ရွှေဆံတော်စေတီ ပထမပစ္စယံရှိ ပဥ္စလောဟာဗုဒ္ဓရုပ်ပွားတော် (ရွှေ၊ငွေ၊ကြေးသံ၊သွပ်)နှင့် ရွှေဆံတော်စေတီရင်ပြင်ရှိ သတ်မှတ်တန်ဆောင်များရှိ ဗုဒ္ဓရုပ်ပွားတော်များအား မသိုးသင်္ကန်းများ ဆက်ကပ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ရှမ်းစုကြီး၊ ညောင်တံခါး၊ ငါးခုမ်းမစမ်း၊ ရွှေဆံတော်၊ ကျုံးကြီး စသည့် ရှမ်းလှပျိုဖြူအမျိုးသမီးများက ရက်ကန်းစင်(၇)စင်ဖြင့် ပါဝင်ရက်လုပ်ပူဇော်ခြင်းဖြစ်ပြီး တန်ဆောင်မုန်းလပြည်နေ့ နေ့လယ် ၂ နာရီတွင် မြို့တွင်းသို့ နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များ ရပ်ကွက်များအတွင်း လှည့်လည်အပူဇော်ခံမည်ဖြစ်ကာ တစ်ရပ်ကွက်ကို ငွေကျပ်သုံးသိန်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ တန်ဆောင်မုန်းလဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ လာရောက်ဖူးမျှော်ကြည်ညိုနိုင်ကြောင်း ရွှေဆံတော်စေတီ ဘဏ္ဍာတော်ထိန်းဂေါပက ဥက္ကဋ္ဌထံမှ သိရသည်။

မျိုးလှိုင် တွံတေး