ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ကချင်ပြည်နယ်တရားလွှတ်တော် အဆောက်အအုံ ပန္နက်တော်တင်အခမ်းအနား တက်ရောက်

မြစ်ကြီးနား     အောက်တိုဘာ ၃၀

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ကွင်းအမှတ်-၄/ယောရင်ကွင်း၊ ဦးပိုင်အမှတ် ၃၅ /၂င၊ ၃၅ /၂စရှိ ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အအုံသစ်ပန္နက်တော်တင်တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီကကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်သည်။

အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်အေးအေးမော်နှင့် ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများကသတ်မှတ်နေရာများတွင် ပန္နက်တော်တင်တွင်းတော်ဝန်းပြီး အမွှေးနံ့သာများပက်ဖျန်းပေးကြသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်က ပန္နက်တော်တင်တွင်းတော်ဝန်းအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးရွာသွင်းပေးပြီး အဆောက်အအုံဆောက်လုပ်မည့် ပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုသည်။

အဆိုပါအဆောက်အအုံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ၂၀၂၃ -၂၀၂၇ (၅)နှစ်တာတရားစီရင်ရေးမဟာဗျူဟာစီမံကိန်း၊ တတိယနှစ်လုပ်ငန်းအစီအစဉ်(၂၀၂၅)၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ်(၁)၊ မဟာဗျူဟာရည်မှန်းချက် ၁.၄၊ မဟာဗျူဟာအစီအစဉ် ၁.၄.၁ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းအဆောက်အအုံသည် အလျား ၂၀၆ ပေ၊ အနံ ၁၃၅ ပေ ရှိ သံကူကွန်ကရစ် လေးထပ်အဆောက်အအုံဖြစ်ပြီး G3 Group Limited က တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)