မြစ်ကြီးနားမြို့၌ ပဥ္စမအကြိမ်မြောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော် ဆက်လက်ကျင်းပ

မြစ်ကြီးနား     အောက်တိုဘာ ၃၀

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ပဉ္စမအကြိမ်မြောက်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း ဒူဝါခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်က ယခုလိုပွဲတော်များကျင်းပပေးခြင်းသည် ကျောင်းစာကြည့်တိုက်များပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း စာကြည့်တိုက်မှာစာဖတ်ခြင်း၊ ဗဟုသုတရှာဖွေခြင်းစသည့်အလေ့အထကောင်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပွဲတော်အတွင်း ကျောင်းသားလူငယ်လူရွယ်များအတွက် ဉာဏစွမ်းရည်ပြိုင်ပွဲ များအဖြစ် လူထုအခြေပြုဗဟိုဌာန (မြစ်ကြီးနား)တွင် ကျင်းပခဲ့သော ကျပန်းနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူလေးများက ပြိုင်ပွဲဝင်ပုံစံဖြင့် ပြန်လည်သရုပ်ပြယှဉ်ပြိုင် မှုများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်၍ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများနှင့်အတူ စာရေးဆရာခင်စောတင့်၏ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ”စာအုပ်ဖြင့် အမြဲမပြတ်လေ့လာသင်ယူရေးစာဖတ်ဝိုင်းကျင်းပမှုများကိုလည်းကောင်း တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းနှင့်တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်စာစောင်များကိုလည်းကောင်း၊ ပွဲတော်အထိမ်းအမှတ် လူငယ်များအတွက်ကျင်းပပေးခဲ့သော ကာယဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ထက်၊ လယ်၊ မူအဆင့်ကျပန်း၊ စာစီစာကုံးနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများနှင့် စာဖတ်ဝိုင်းတွင်ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကို လည်းကောင်း၊ သရုပ်ပြအကအဖွဲ့များအတွက်လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 ယင်းနောက် ကျောင်းသား/ ကျောင်းသူလေးများက ဇိုင်းဝါးရိုးရာတေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကာ ပညာဘဏ်တိုက်စာကြည့်တိုက် တေးသီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ကြပြီး ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဖွင့်လှစ်ပြသထားသည့် သုတ/ ရသစာအုပ်စာစောင်ပြခန်း၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြခန်းများ ဖွင့်လှစ်ပြသထားရှိမှုများကိုလည်းကောင်း ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)