စစ်တွေ အောက်တိုဘာ ၃၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား၊ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားများကျင်းပနိုင်ရေး(၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား၊ တန်ဆောင်တိုင်ပွဲတော် ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် စတုဒီသာကျွေးမွေးဧည့်ခံရေး၊ တန်ဆောင်မုန်းလပြည့်နေ့ ဆီမီးပူဇော်ပွဲနှင့်မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားများကျင်းပရေးဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယခုနှစ်တွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမတွင် မြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီး (၉)ပါးကို ပင့်ဖိတ်ပြီး ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး စစ်တွေမြို့ပေါ်ရှိကထိန်မရသည့် ဘုန်းတော်ကြီးကျောင်းများသို့ ဌာနဆိုင်ရာများမှ သတ်မှတ်ထားသည့် ဘုန်းတော်ကြီးကျောင်းများအလိုက် ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း စုပေါင်းပြီး ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များ ပါဝင်လှူဒါန်းကြစေလိုကြောင်း၊ ထို့ပြင် ပဒေသာပင်များလှည့်လည်ရာတွင်လည်း စည်းကမ်းတကျ စီတန်းလှည့်လည်ကြစေလိုကြောင်း၊ အလားတူ ယခုနှစ်တန်ဆောင်တိုင်ပွဲတော်ကို အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးနှင့် ဝင်္ကဘာကွင်းတို့တွင် တန်ဆောင်မုန်းလပြည့်နေ့နှင့် လပြည့်ကျော်(၁) ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများကိုလည်း ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ကြောင်း၊ တန်ဆောင်တိုင်ပွဲတော်ကိုပျော်ပွဲရွှင်ပွဲများနှင့် စစ်တွေမြို့အတွင်းရှိ ပြည်သူများစိတ်အေးချမ်းသာပျော်ရွှင်စွာ ပါဝင်လာစေရေးနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆွမ်းတော်ကြီးလောင်းလှူပွဲကိုလည်း ရပ်ကွက်နေပြည်သူများပါ ပါဝင်လောင်းလှူခြင်း ယခင်လောင်းလှူသကဲ့သို့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထို့ပြင် စတုဒီသာကျွေးမွေးဧည့်ခံပွဲကိုလည်း ပြည်နယ်ဝန်ကြီးအဆင့်ဌာနများမှ မိမိဌာနအလိုက်လှူဒါန်းမည့်စတုဒိသာများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် အမျိုးအစားမထပ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ တန်ဆောင်မုန်းလပြည့်နေ့ ဆီမီးပူဇော်ခြင်းနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပြုလုပ်မည့် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား၊ တန်ဆောင်ပွဲတော်ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့်စတုဒီသာကျွေးမွေးဧည့်ခံရေးအခမ်းအနား၊ တန်ဆောင်မုန်းလပြည့်နေ့ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးများက စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား၊ တန်ဆောင်တိုင်ပွဲတော် ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် စတုဒီသာကျွေးမွေး ဧည့်ခံရေး၊ တန်ဆောင်မုန်းလပြည့်နေ့ ဆီမီးပူဇော်ပွဲနှင့်မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တန်ဆောင်တိုင်ပွဲတော်တွင် စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၌ ဆွမ်းတော်ကြီးလောင်းလှူနိုင်ရန်အတွက် ရခိုင်ရိုးရာ(အရုပ်ကြီး)လှည့်လည် အလှူခံဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး