နေပြည်တော် အောက်တိုဘာ ၃၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာ၊ အတတ်ပညာ၊ ဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံစေပြီး ယဉ်ကျေးလိမ္မာကာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သည့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံတဲ့ လူငယ်များဖြစ်လာစေရေးအတွက် ရည်ရွယ်ကျင်းပသည့် လူငယ်အသိ ပညာပေးဟောပြောပွဲဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ အပါအဝင် တစ်နိုင်လုံးမှာရှိတဲ့ ကျောင်းသား/ကျောင်းသူ၊ လူငယ်များသည် နိုင်ငံရဲ့အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါကြောင်း၊ နိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရန် လက်ရှိလူငယ်များအား အသိပညာ အတတ်ပညာပြည့်ဝအောင် လေ့ကျင့်သင်ကြားပေးယုံသာမကပဲ ငယ်စဉ်ကတည်းက လူကောင်းတစ်ဦးမှာရှိသင့်သည့် ရိုးသားဖြောင့်မတ်၊ စေတနာ၊ သဒ္ဓါတရားရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်နဲ့ တစ်ဖက်သားအပေါ် လေးစားမှု၊ ခွင့်လွှတ်တတ်မှု၊ ကျေးဇူးတရားသိရှိမှုဆိုသည့် ပညာပြည့်ဝနှလုံးလှတဲ့ လူကောင်းတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင် ကြရမှာပဲ ဖြစ်ပါကြောင်း၊ ဒါ့အပြင် နိုင်ငံ့သမိုင်း အမှန်တရားတွေ ဝေဖန်ပိုင်းခြားနိုင်တဲ့ လူငယ်တွေဖြစ်ဖို့လည်းလိုအပ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ပညာပြည့်ဝနှလုံးလှတဲ့လူငယ်များ ဖြစ်ပေါ်လာရန်အတွက် လူငယ်အခန်းကဏ္ဍကို အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်များသည် မိမိတို့၏ တန်ဖိုးမဖြတ်နိုင်သည့် လက်ရှိလူငယ်ဘဝကို တန်ဖိုးထားပြီး လမ်းမှား မရောက်အောင် မိမိကိုယ်ကိုထိန်းသိမ်းတည့်မတ်ရင်း ပညာပြည့်ဝနှလုံးလှသည့် လူတော်လူကောင်းများဖြစ်အောင် အခုချိန်ကတည်းက ကြိုးစားကြဖို့ လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် ဘဝကိုမြှင့်မားတိုးတက်ရန် လက်ရှိကျောင်းသား/ ကျောင်းသူဘဝကတည်းက ပညာပြည့်ဝနှလုံးလှတဲ့ လူဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ လူငယ်ဘဝကိုတန်ဖိုးထားပြီး ပညာကို ကြိုးစားသင်ယူကာ ကျောင်းပြင်ပ ပညာတွေဖြစ်သည့် နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အထွေထွေ ဗဟုသုတများ၊ အင်္ဂလိပ်စာအပါအဝင် နိုင်ငံတကာ ဘာသာစကားများ၊ ခေတ်မှီတိုးတက်လာသည့် IT နည်းပညာအပါအဝင် အခြားသောနည်းပညာများကို မျက်ခြေမပြတ် လေ့လာတတ်ကျွမ်းအောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် မိမိဘဝကို တိုးတက်အောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် မိမိရဲ့မိသားစုဘဝကို ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပြီး နောင်တချိန် တိုင်းပြည်တာဝန်ကို ကျရာနေရာကထမ်းဆောင်သည့်အခါ မိမိ၏အရည်အချင်းကြောင့် မိမိဌာန၊ မိမိမြို့ရွာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ လူငယ်တွေဟာ အသိပညာ၊ အတတ်ပညာ၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှတဲ့ လူငယ်တွေဖြစ်ကာ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင်ကောင်းတွေဖြစ်လာစေရေး၊ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်မှာ မြန်မာဆိုပြီးထည်ဝါစွာ ရပ်တည်နိုင်မယ်ဆိုတာ ယုံကြည်ပါကြောင်း ပြောကြားပြီးနောက် လူငယ်ရေးရာအသိပညာပေးဟောပြောသည့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) အား ဂုဏ်ပြုလက်ဆောင်နှင့် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းအတွက် အလှူငွေအား ကျောင်းအုပ်ဆရာမကြီးထံပေးအပ်သည်။
ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားပြီး အမှတ်(၁၂) အခြေခံပညာ အထက်တန်း ကျောင်းသို့ အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က “လူငယ်နှင့် မျိုးချစ်စိတ်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး နေပြည်တော်လူငယ်ရေးရာတာဝန်ခံမှ ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်းနှင့် ဆုလက်ဆောင် ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)