တံတားဦး အောက်တိုဘာ ၃၀
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၃၇)နှစ်မြောက် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တံတားဦးခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆေးကုသဆောင်၌ ကျင်းပကြောင်း သိရသည်။
စုပေါင်းသွေးလှူဒါန်းပွဲသို့ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းနေကြသည့် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်း (၁၅) ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း (၈) ဦး၊ စုစုပေါင်း (၂၃) ဦးတို့၏ သွေးလှူဒါန်းနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့သို့သွေးလှူဒါန်းခြင်းသည် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ် မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တံတားဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် အမှန်တကယ်သွေးလိုအပ်နေသော ဝေဒနာရှင်များအတွက် အလှူတစ်ရပ်အနေဖြင့် စုပေါင်းသွေးလှူဒါန်းပေးကြောင်း ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းခြင်းသည် သွေးအတွက် လိုအပ်သည့်ပြည်သူများ၏ အသက်ကိုကယ်တင်ပေးခြင်းဖြင့် လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ သွေးများမလှူဒါန်းမီအချိန်တွင် သွေးပေါင်စစ်ဆေးခြင်း၊ သွေးအမျိုးအစားခွဲခြား ပေးခြင်းများဆောင်ရွက် ပေးကြောင်း၊ သွေးလှူဒါန်းပေးသော ဝန်ထမ်းများအား အဟာရဖြည့်စွက်စာများနှင့် ကြက်ဥတို့ကို ထောက်ပံ့ပေးနိုင်ပါကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ရဲတင့်