ညောင်ဦး အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နရပတိ စည်သူမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် စူဠာမဏိဘုရားကြီး အနောက်ဘက်မုခ်အဝင် ထိုင်တော်မူဆင်းတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအား ယနေ့နံနက် ၉ နာရီ အချိန်က စတင်ကပ်လှူပူဇော်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များ၊ ရွှေစည်းခုံဘုရား၊ စူဠာမဏိဘုရား ဂေါပကအဖွဲ့ဝင်များကရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းအား စတင်ကပ်လှူပူဇော်ခဲ့ကြောင်းသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စူဠာမဏိဘုရားကြီးသည် ညောင်ဦးမြို့၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာတွင်တည်ရှိပြီး နရပတိစည်သူမင်းကြီးက အေဒီ ၁၁၈၃ ခုနှစ်တွင် တည်ထားခဲ့ကြောင်း၊ အခြေခံပန္နက်ပုံစံအရ သဗ္ဗညုဘုရားနှင့်ဆင်တူပြီး လေးမျက်နှာ အာရုံခံမုခ်များဖြင့် တည်ဆောက်ထားကာ အရှေ့ဘက်အာရုံခံမှာ ပိုမိုကျယ်ပြန့်သည့် လိုဏ်နှစ်ဆင့်ဂူဘုရားတစ်ဆူဖြစ်သည်။ စေတီတော်၏ ပစ္စယာအဆင့်ဆင့်ရှိ စိန်တန်းများတွင် လှပတင့်တယ်သော စဉ့်ဝါနှင့် စဉ့်စိမ်းရောင် စဉ့်ကွက်စဉ့်ပန်းများဖြင့် မွမ်းမံ ခြယ်လှယ် ထားသည်။ ဗဟိုမဏ္ဏိုင်ပတ်လည် စင်္ကြန်ပေါင်းကူးများတွင် တည်ဆောက်စဉ်ကာလက ခေတ်ပြိုင်နံရံပန်းချီလက်ရာများကို မြင်တွေ့လေ့လာနိုင်သည်။ ယင်းပန်းချီတို့မှာ အဝါရင့်နှင့် အနက်ရောင်တို့ဖြင့် ရေးခြယ်ထားသည်။ ထိုပုဂံခေတ်လက်ရာနံရံပန်းချီများပေါ်တွင် ကုန်းဘောင်ခေတ်နှင့် နောက်ပိုင်းလက်ရာနံရံပန်းချီများ ထပ်မံရေးဆွဲထားသည်ကို တွေ့ရှိလေ့လာနိုင်သည်။ အဆောက်အဦတစ်ခုလုံး၏ အတွင်းပိုင်းအား အလင်းပေါက်များမှအလင်းပေးမှုစနစ်ကိုတွေ့မြင်နိုင်ပြီး၊ ကျောက်စာနှင့်မင်စာအချို့ကိုလည်း လေ့လာတွေ့ရှိနိုင် ကြောင်းသိရသည်။
ဒီပါလင်း