ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း မြစ်ကြီးနားမြို့၌ စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်‌ရောက်

မြစ်ကြီးနား   အောက်တိုဘာ ၃၀

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း အင်ဂျန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးက ပြည်နယ်၏ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အကျိုးထိရောက်စေသည့် ယခုလိုပွဲတော်များ ကျင်းပပေးခြင်းဖြင့် ကျောင်းစာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့်လည်း စာကြည့်တိုက်မှာ စာဖတ်ခြင်း၊ ဗဟုသုတရှာဖွေခြင်း စသည့်အလေ့အထကောင်းများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပွဲတော်အတွင်း ကျောင်းသားလူငယ်လူရွယ်များအတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများအဖြစ် လူထုအခြေပြုဗဟိုဌာန (မြစ်ကြီးနား)တွင် ကျင်းပခဲ့သော ကျပန်းနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူလေးများက ပြိုင်ပွဲဝင်ပုံစံဖြင့် ပြန်လည်သရုပ်ပြ ယှဉ်ပြိုင်မှုများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်၍ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စာရေးဆရာ မစန္ဒာ၏ “အရိပ်” စာအုပ်ဖြင့် အမြဲမပြတ် လေ့လာသင်ယူရေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်မှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ် စာစောင်များကိုလည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊  သရုပ်ပြအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းနှင့် တာဝန်ရှိသူများက ပွဲတော်အထိမ်းအမှတ် လူငယ်များအတွက် ကျင်းပပေးခဲ့သော ကာယဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ထက်၊ လယ်၊ မူအဆင့် စာစီစာကုံးနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများနှင့် စာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက ပညာဘဏ်တိုက် စာကြည့်တိုက် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်ပြသထားသည့် သုတ/ရသစာအုပ်စာစောင်ပြခန်း၊ လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်းများ ဖွင့်လှစ်ပြသထားရှိမှုများကိုလည်းကောင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲများပြုလုပ်ကျင်းပပေးနေမှုများကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စိတ်ဝင်တစား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)