သင်္ဃန်းကျွန်း အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန သင်္ဃန်းကျွန်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၏၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန် ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင် သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးကအဖွင့်အမှာစကားပြောကြားပြီး သင်္ဃန်းကျွန်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးသူက အခွန်ဆိုင်ရာကိစ္စရပ်များ၊ အခွန်ဆောင်ရန်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်ပြီး သင်္ဃန်းကျွန်းမြို့နယ် အခွန်ဦးစီးဌာမှူးရုံး ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ကုန်သွယ်လုပ်ငန်းခွန်နှင့် သက်ဆိုင်သည်များ ဆွေးနွေးတင်ပြခဲ့သည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဗိုလ်မှူးစိုးညီဆွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)