သထုံ အောက်တိုဘာ ၃၀
မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားရှမ်းရွာရှိ သီဟိုဠ်ကုန်းသဗ္ဗမင်္ဂလာ ဘေးမဲ့သာသနာပြုကျောင်းဝင်းအတွင်းတည်ထားသော ရွှေဘုန်းပွင့်စေတီတော်မြတ် ထီးတော်တင်လှူပွဲနှင့် ပအိုဝ်းတိုင်းရင်းသားရိုးရာ ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ (ဘုရားတက်ပွဲ)ကို အောက်တိုဘာ ၂၈ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
စေတီတော်မြတ်ကို သီဟိုဠ်ကုန်း သဗ္ဗမင်္ဂလကျောင်း ဆရာတော် ဦးဝါသုဒ္ဒ၏ ဦးဆောင်မှုဖြင့် တပည့်ရဟန်းများ၊ ရပ်နီးရပ်ဝေးမှ ဒါယကာ၊ ဒါယိကာမများက ရွှေထီးတော်မြတ်အား စည်ကားသိုက်မြိုက်စွာ တင်လှူပူဇော်ခဲ့ကြပြီး ညနေပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားများ စုပေါင်းကာ ရွှေဘုန်းပွင့်စေတီအပါအဝင် သီဟိုဠ်ကုန်းသဗ္ဗမင်္ဂလာ ဘေးမဲ့သာသနာပြုကျောင်းဝင်းအတွင်း တည်ထားသော စေတီတော်များအား ရိုးရာဓလေ့အတိုင်း ရွှေကြာသင်္ကန်းတော်များကို လာရောက်ဆပ်ကပ်လှူဒါန်းခြင်းနှင့် ကထိန်ပဒေသာပင်များ လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စေတီတော်မြတ်ကို သီဟိုဠ်ကုန်း သဗ္ဗမင်္ဂလကျောင်း ဦးဆောင်ဆရာတော် ဦးဝါသုဒ္ဒနှင့် အလှူရှင်များစုပေါင်းကာ တည်ထားခြင်းဖြစ်ပြီး ဆရာတော်သည် သာသနာပြုလုပ်ငန်းများ လုပ်ဆောင်နေသည့်အပြင် ပညာရေး၊ ကျန်းမာရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပအိုဝ်းဆရာတော်သံဃာတော်များ၊ ပအိုဝ်းလူမှုအဖွဲ့အစည်းများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်