ကျိုင်းတုံ အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၂၈ ရက်က ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံးကြီး၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းက ပြည်သူများအားလုံး ဘဝတစ်လျှောက် အမြင်အာရုံချို့ယွင်းမှုမရှိစေဖို့ရာအတွက် ငယ်ရွယ်စဉ်ကလေးအရွယ်ကစ၍ မျက်စိကျန်းမာရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်သည့်အတွက် ကျန်းမာရေးဌာနနှင့်အတူ နှီးနွယ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူအားလုံးပူးပေါင်း၍ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ မျက်စိဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီး ကျိုင်းတုံအထွေထွေရောဂါကု ဆေးရုံးကြီးမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာနန္ဒာအောင်က မျက်စိရောဂါအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်နယ်အစိုးအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းဟုန်၊ ဆေးရုံးအုပ်ကြီး ဒေါက်တာတိုးမောင်နှင့် တာဝန်ရှိသူများက မျက်စိရောဂါလူနာများအား ကြည့်ရှုအားပေး ခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)