လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုဆက်ဆံရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်  အောက်တိုဘာ  ၂၈

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့်အပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ပူးပေါင်းကျင်းပသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူမှုဆက်ဆံရေးအလုပ်ရုံဆွေးနွေးပွဲ(Humanitarian Diplomacy Workshop )ကို  ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific Hotelတွင် ပြုလုပ်သည်။

အလုပ်ရုံဆွေးနွးပွဲတွင် အသင်းအလုပ်အမှုဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင်က   မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနိုင်ရန် တွေ့ဆုံဆွေးနွေးရခြင်း၊ ညှိနှိုင်းဆွေးနွေးရခြင်းများရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အားလုံးပါဝင်ဆွေးနွေးကြမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုဆက်ဆံရေး “Humanitarian Diplomacy” ၏ အခန်ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ နေ့စဉ် ဆောင်ရွက်နေသည့် လုပ်ဆောင်မှုများတွင် အခြေခံမူများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုဆက်ဆံရေး အခန်းကဏ္ဍကို မည်သို့ထည့်သွင်းလုပ်ဆောင်နေသည်။ ဆက်လက်ပြီး မည်ကဲ့သို့လုပ်ဆောင်ကြမည်ကို ဆွေးနွေးရန် အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms.Nadia Khoury နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de BAECQUEတို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ အသင်းအလုပ်အမှုဆောင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးများ၊ အသင်းဌာနချုပ်မှ ဒုတိယ အထွေထွေအတွင်းရေးမှူးနှင့် လက်ထောက်အထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့်ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)