ဇမ္ဗူသီရိ အောက်တိုဘာ ၂၈
ဇမ္ဗူသီရိမြို့နယ်အတွင်း မဲစာရင်းအပါအဝင်ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် ဦးကျော်အောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇင်မင်းသော်၊ မြို့နယ်အတွင်း (WorkingGroup) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ ဇမ္ဗူသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းဌေးနှင့်တာဝန်ရှိသူတို့က ဇမ္ဗူသီရိမြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ သေဆုံးစာရင်းများကို မဲစာရင်းမှ မှန်ကန်စွာ ပယ်ဖျက်နိုင်ရေး၊ မဲစာရင်းတွင် သေဆုံးစာရင်းများ မပါရှိစေရေး၊ မြေပြင်စာရင်းနှင့် မဲစာရင်းတူညီမှုရှိစေရေး၊ မြို့နယ် (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာကြသူများက သေဆုံးစာရင်းများ၊ ပြောင်းဝင်ပြောင်းထွက် နယ်မြေကျော်လွန်နေသူစာရင်းများကို တင်ပြကြရာ ဇမ္ဗူသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူတို့က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
နီလာ(ပြန်/ဆက်)