မိုးညှင်းမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မိုးညှင်း  အောက်တိုဘာ ၂၈

ကချင်ပြည်နယ် မိုးညှင်းခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲကိုကျင်းပရာတွင် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အသိပညာကြွယ်ဝဖို့ စာဖတ်ရှိန်ကိုမြှင့်တင်စို့ ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ အသီးသီးပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ယင်းနောက် ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတများရရှိစေရန် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့်အတူ ခင်းကျင်းပြသထားသည့် သုတ ရသ စာအုပ်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အကြိုပြိုင်ပွဲများဖြစ်ကြသည့် အောက်တိုဘာ(၂၉)ရက်တွင် အခြေခံပညာ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အောက်တိုဘာ(၃၀)ရက်တွင် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လူမှုဘဝတိုးတက်ရေး စာဖတ်ရှိန်ကိုမြှင့်တင်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း