မန္တလေးမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းနှင့် မြန်မာ့ရိုးရာသိုင်းပညာရပ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေး အောက်တိုဘာ ၂၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းများအား စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုလျော့ချစေရန်နှင့် ဟိုတယ်ဝန်ဆောင်မှုအရည်အသွေး ကောင်းမွန်စေရန် ရည်ရွယ်၍ ကဏ္ဍပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟိုတယ်ဘာသာရပ်ဆိုင်ရာသင်တန်းများကို ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဒေသအသီးသီးတို့တွင် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းနှင့် မြန်မာ့ရိုးရာသိုင်းပညာရပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ အောင်မြင်ခြင်းဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး မြန်မာ့သိုင်းဆပ်ကော်မတီမှ အဖွဲ့ဝင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ကြသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့ရိုးရာသိုင်းပညာရပ်သင်တန်းအတွက် မန္တလေးတိုင်းဒေသကြီး မြန်မာ့သိုင်းဆပ်ကော်မတီ နာယကဒေါက်တာမောင်မောင်လေးနှင့် ဟိုတယ်ဝန်ဆောင်မှု သင်တန်းနည်းပြဆရာတစ်ဦးတို့က သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဟိုတယ်ဝန်ဆောင်မှုသင်တန်း (၃) မျိုးဖြစ်သည့် ဧည့်ကြိုသင်တန်း သင်တန်းသား/ သင်တန်းသူ (၃၀) ဦး၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း သင်တန်းသား/ သင်တန်းသူ (၃၇) ဦး၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးသင်တန်း သင်တန်းသား/သင်တန်းသူ (၃၂) ဦး၊ စုစုပေါင်း သင်တန်းသား၊သင်တန်းသူ (၉၉) ဦးတို့ တက်ရောက်ခဲ့ပြီးသင်တန်း (၁) ချိန်လျှင် (၁) နာရီနှုန်း (၁) ရက်လျှင် သင်တန်း (၅) ကြိမ် ရက်သတ္တ (၂)ပတ် သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ မြန်မာ့ရိုးရာသိုင်းပညာရပ်သင်တန်းကို သင်တန်းသား/သင်တန်းသူ (၃၃) ဦးဖြင့် (၂၈-၁၀-၂၀၂၅) ရက်နေ့မှ (၂၈-၁၁-၂၀၂၅) ရက်နေ့အထိတစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်း(၁၆၀) ဦးကျော် တက်ရောက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို