မဟာအောင်မြေ အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မဟာအောင်မြေမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ရွှေက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ရည်ရွယ်ချက်များနှင့် လူငယ်များအနေဖြင့် စာအုပ်စာစောင်များကို အမြဲလေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေကို အမြဲလေ့လာဖတ်ရှုနေမှသာ အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်း ရှာဖွေ၍ လေ့လာမှတ်သားစေလိုကြောင်း ဟောပြောသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူငယ်များအတွက် ပညာ၏တန်ဖိုးနှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း