ကျောက်ဆည် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကင်းကျေးရွာ ကွင်းအမှတ်(၂)၊ ဦးပိုင်အမှတ်(၁၆၂) တောင်သူဦးသာအောင်၏ စံပြချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကင်းကျေးရွာသည် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင်ပါဝင်ပြီး ယာမြေအများစု ပိုင်ဆိုင်သည့်အတွက် ယာသီးနှံများ အဓိကထားစိုက်ပျိုးကြပြီး ငရုပ်(၁၃)ဧက၊ နှံစားပြောင်း(၈၀)ဧက၊ မြေပဲ(၅)ဧက၊ နှမ်း(၁၅)ဧက၊ နေကြာ(၂၆)ဧက၊ ပဲတီစိမ်း(၁၇၁)ဧက၊ ပဲစင်းငုံ(၆၀)၊ အခြားပဲ(၁၀၅)ဧက၊ ဟင်းသီး/ဟင်းရွက်(၁၀)ဧက၊ မိုးချည်မျှင်ရှည်ဝါ(၃၄၅)ဧက၊ မိုးနှောင်းချည်မျှင်ရှည်ဝါ(၁၀၅)ဧက စိုက်ပျိုး ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါသီးနှံများကို မိုးကြို၊ မိုး၊ မိုးနှောင်းရာသီများတွင် စိုက်ပျိုးကြပြီး မိုးကြိုဝါကို ဖေဖော်ဝါရီလလယ်မှမတ်လလယ်အတွင်း၊ မိုးဝါသီးနှံများကို မေလလယ်မှဇွန်လကုန် အတွင်း၊ မိုးနှောင်းဝါသီးနှံများကို ဇူလိုင်လလယ်မှ ဩဂုတ်လအလယ်အတွင်းစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာ၌ထယ်ရေး နက်နက်၊ ထွန်ရေးညက်ညက်၊ သဘာဝနွားချေးမြေဩဇာ နွားလှည်(၁၀)စီးနှင့် မြေပြုပြင်ပြီး သိပ္ပံနည်းကျ စိုက်ပျိုးနည်းဖြစ်သည့် တစ်ဧက သတ်မှတ်အပင်ဦးရေ ပြည့်မီအောင် တစ်ကျင်းနှင့်တစ်ကျင်း (၃)ပေအကွာ စိုက်ပျိုးကြကြောင်း၊ အပင်သက်တမ်း(၁၈)ရက်မှ(၂၁)ရက်တွင် စိုက်ကျင်းတစ်ကျင်းလျှင် ဝါပင်(၂)ပင်ချန်၍ သားခွဲပေးကြောင်း၊ အပိန့်ဝင်ချိန်နှင့် ပန်းပွင့်ချိန်များ၌ ကွန်ပေါင်းအိပ်တစ်ဝက်နှင့်ယူရီယားအိပ်တစ်ဝက် ရောစပ်ကာ ကျဲပက်၍ ရေသွင်းပေးရပြီး ကြားထွန်တိုက်ကာ မြေဆွပေးရကြောင်း၊ အပင်(၅၀)ရက်သားတွင် စုပ်ပိုးကာကွယ်ဆေး (၂)ကြိမ်၊ (၆၀)ရက်သားနောက်ပိုင်းတွင် ဝါဂွမ်းပိုးနီနှင့်ရွက်လိပ်ရွက်စားပိုး(၂)ကြိမ် ဖျန်းပေးရပြီး လိုအပ်ပါက အခြားပိုးများအတွက် ပိုးသတ်ဆေးများဖျန်း၍ စိုက်ပျိုးကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)