ရေဖိအားကြောင့် ကွေးညွှတ်သွားသည့် ရေသွင်းတံခါးများအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ၏ စိုက်ပျိုးသီးနှံများ ရေပြည့်ဝစွာပေးဝေနိုင်ရေး စိုက်ပျိုးရေပေးမြောင်းများနှင့်ဆက်စပ်သည့်လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရေဖိအားကြောင့် ကွေးညွှတ်သွားသည့် သင်းတွဲမြောင်းထိပ်မှ ရေသွင်းတံခါးများအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါ ပြန်လည်ပြုပြင်ပေးလျက်ရှိသည့် ရေသွင်းတံခါးများသည် ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာအနီးတွင် တည်ရှိပြီး အလျားx အနံ (၆ပေ၊ ၇ပေ)ရှိ ရေတံခါး(၃)ချပ်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၁၅ ဒဿမ ၀၀၀)ကျပ်သန်းဖြင့် ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ပြီး အဆိုပါမြောင်းမှ သီးနှံမျိုးစုံ (၁၀၉၉၇)ဧကအား စိုက်ပျိုးရေများပေးဝေလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)