ချမ်းအေးသာစံ အောက်တိုဘာ ၂၈
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးအံ့ခန်းမဆောင်တွင် ကျောင်းသားလူငယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ဆောင်ရွက်ရာ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် အမှတ်(၁၉)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ(၅)ဦးတို့က “လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် အားလပ်ချိန်” စသည့်ခေါင်းစဉ်ငါးရပ်ဖြင့် ဆွေးနွေးပြောကြားရာ ဆွေးနွေးချက်များနှင့်ပတ်သက်၍ တက်ရောက်လာသူများ၏ မေးမြန်းချက်များအား သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)