လယ်ဝေး အောက်တိုဘာ ၂၈
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်း မိုးစပါးများရိတ်သိမ်းနေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် သန့်ရှင်းသာယာလှပစေရေး၊ သစ်ပင်ကြီးများအလင်းဖွင့်ခြင်း၊ ချုံနွယ်များရှင်းလင်းခြင်း၊ လမ်းဧရိယာအတွင်း ကျူးကျော်အဆောက်အဦများ ရှင်းလင်းရေးတို့ကို သက်ဆိုင်ရာဌာနများအား မှာကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ဝက္ကမူကျေးရွာ၊ ကွင်းအမှတ် (၁၈၀၉)၊ တောင်သူ ဦးလှကြည်၏ ဆင်းသုခမိုးစပါး ၃ ဧက ရိတ်သိမ်းနေမှုနှင့် ဝက္ကမူကွင်း၊ ကွင်းအမှတ် (၁၇၈၉)၊ တောင်သူ ဦးနန်းဝင်း၏ မနောသုခမျိုး မိုးစပါး ၃ ဧကတို့အား စက်ကိရိယာဖြင့် ရိတ်သိမ်းခြွေလှေ့နေမှု၊ သပြေပင်ကျေးရွာ၊ ကွင်းအမှတ်(၁၇၉၇)၊ တောင်သူ ဦးကျော်ဆွေ၏ ဆင်းသုခမျိုး မိုးစပါး ၄ဒသမ၃၇ ဧက အားစက်ကိရိယာဖြင့်ရိတ်သိမ်းခြွေလှေ့နေမှုတို့အား ကြည့်ရှုအားပေး၍ ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ပျံချီကျေးရွာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ စောင်၊ အိပ်ယာခင်း၊ ခြင်ထောင်နှင့် လူသုံးကုန်ပစ္စည်းများ၊ စားသောက် ဖွယ်ရာများ ပေးအပ်သည်။ ဆက်လက်၍ ပျံချီကျေးရွာ ဘုန်းတော်ကြီးကျောင်းအဝင်လမ်းတွင် နေပြည်တော်ကောင်စီ၏ ၂၀၂၅-၂၀၂၆ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဝိုင်းပြည့်အောင် Co,Ltd မှ တာဝန်ယူတည်ဆောက်လျှက်ရှိသည့် အရှည် ၆၉၉ပေ၊ အမြင့် ၂ ပေ၊ အကျယ် တစ်ပေခွဲရှိ အုတ်စီရေမြောင်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ သတ်မှတ် အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)