ကျောက်ဆည်မြို့နယ်တွင်  ခရမ်းသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး (၃) ရက်ခြား တစ်ကြိမ် ခူးဆွတ်ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်‌ပြေလျက်ရှိ

​ကျောက်ဆည် အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၇) အုပ်စု၊ ကျေးရွာ (၂၂၃)ရွာရှိပြီး စပါး၊ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါ၊ နှံစားပြောင်း၊ ဖူးစားပြောင်း၊ နနွင်း၊ ငရုတ်၊ ကျွဲနွားစာနှင့် စားဖိုဆောင်သီးနှံများ အမျိုးမျိုးစိုက်ပျိုး လျက်ရှိရာ ရန်ပုံနှစ်ကျေးရွာ၌ နေ့စဉ်ဝင်ငွေရသည့် မျှားနီတံဆိပ် ကာမစ်အမျိုးအစား  အတို့အမြုပ်ပြုလုပ်၍စားရသည့် ခရမ်းကြွပ်အဝိုင်းသီး အစိမ်းရောင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး (၃)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရောင်းချရသဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခရမ်းသီးနှံသည် ဟင်းချက်၍စားရသောခရမ်းမျိုးအကြီးနှင့် အတို့အမြှပ်ပြုလုပ်၍ စာရသော ခရမ်းသီးအသေးမျိုးဟူ၍ မျိုးကွဲများစွာရှိကြောင်းသိရှိရပြီး တောင်သူများအနေဖြင့် ခရမ်းသီးစိုက်ပျိုးရာတွင်  ဈေးကောင်းရနိုင်မည့် ခရမ်းမျိုးကိုသာ အချိန်အခါရွေးချယ်ပြီး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာ၌ အပင်သေပျောက်မှု မရှိစေရန်အတွက် ပျိုးထောင်ထားသည့် ပျိုးခင်းမှ သန်မာသည့်ခရမ်းပျိုးပင်များကို ရွေးချယ်၍ ထယ်ရေးပြင်ထားသည့် ယာကွက်၌ပြောင်းရွေ့စိုက်ပျိုးကြကြောင်း၊ စိုက်ခင်းများအောင်မြင်ရေး မြေအမျိုးအစားအလိုက် ရေသွင်း/ရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့် တစ်ပင်(၄)ပေခန့်အကွာ စိုက်ပျိုးကြကြောင်း၊ ထိုသို့စိုက်ပျိုးမှသာ အကိုင်းအခက်ပြန့်ပွားမှုနှင့် အသီးများ ပို၍သီးကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းနှုတ်ခြင်းနှင့် လိုအပ်သည့်အချိန်၌ ပိုမွှားကာကွယ် ဆေးများ အသုံးပြုရကြောင်း သိရသည်။

ခရမ်းသီးပင်သည် စိုက်ပျိုးပြီး(၄၅)ရက်တွင် စတင်ခူးဆွတ်ရပြီး အပင်အပြုအစုကောင်းပါက တစ်နှစ်ပတ်လုံးနီးပါး ခူးဆွတ်ရောင်းချရကြောင်း (၅.၀)ဧကစိုက်ပျိုးထားပါက အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ် ပါက ပိဿာ(၂၀၀)နီးပါး ခူးဆွတ်ရပြီး၊ ရောင်းဈေးအနေဖြင့် အချိန်ကာလအပေါ်မူတည်၍ ကာလရှည် ခူးဆွတ်ရောင်းချရသည့်အတွက် ခရမ်းသီး တစ်ပိသာငွေ (၈၀၀)ကျပ်မှ(၁၉၀၀)ကျပ်အထိ ရောင်းချရကြောင်း ခရမ်းစိုက်တောင်သူ ဦးတင်ထွန်းကပြောပြ၍ သိရသည်။

သက်မောင်(ကျောက်ဆည်)