နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တောင်သူတွေ့ဆုံပွဲနှင့် သီးထပ်စိုက်ပျိုးနိုင်ရေး အနိမ့်တင်ဆိုလာပန့်များ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၆

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ ပင်လောင်းလမ်းဘေး၌ ယနေ့မွန်းလွဲပိုင်းက တောင်သူတွေ့ဆုံပွဲနှင့် သီးထပ်စိုက်ပျိုးနိုင်ရေး အနိမ့်တင်ဆိုလာပန့်များထောက်ပံ့ပေးအပ်ပွဲကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေကိုနည်းလမ်းပေါင်စုံဖြင့် ရရှိစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့အခါမှာ မြေပြုပြင်ခြင်းလုပ်ငန်း၊ စိုက်ပျိုးခြင်းလုပ်ငန်း၊ ပေါင်းရှင်းခြင်းလုပ်ငန်း၊ ဆေးဖျန်းခြင်းလုပ်ငန်း၊ မြေဩဇာထည့်သွင်းခြင်းစသည်ဖြင့် စိုက်ပျိုးထုတ်လုပ်သည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ စက်မှုလယ်ယာကဏ္ဍ စက်ကိရိယာများဖြင့် အပြည့်အဝ(Full machinized)ဖြစ်ဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လယ်ယာကဏ္ဍမှာ စက်မှုလယ်ယာကဏ္ဍကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့၊ သီးနှံများအထွက်နှုန်းကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဩဇာများအပြည့်အဝထည့်သွင်းအသုံးပြုခြင်း၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ ထည့်သွင်းအသုံးပြုခြင်း၊ သီးနှံပင်ကြွင်းကျန်များ ထည့်သွင်းအသုံးပြုခြင်း၊ ဓာတ်မြေဩဇာများကို အချိန်ကိုက်အချိုးကျအသုံးပြုခြင်း၊ စိုက်ပျိုးနည်းစနစ်များကို မှန်မှန်ကန်ကန် လိုက်နာမှသာ ပန်းတိုင်အထွက်နှုန်းရရှိမှာဖြစ်‌ပါကြောင်း၊ နေပြည်တော်အတွင်း သီးထပ်စိုက်ပျိုးနိုင်ရေး၊ မိုး၊ ဆောင်း၊ နွေရာသီပြည့်စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ သီးထပ်စိုက်ပျိုးနိုင်ရန်အတွက်ပြုပြင်ခြင်းနှင့် ထိန်းသိမ်းလည်ပတ်ခြင်းလုပ်ငန်းများ၊ မြေအောက်ရေစက်ရေတွင်းများ တူးဖော်ခြင်း၊ ဆိုလာစနစ်ပြောင်းလဲတပ်ဆင်ခြင်း၊ ယာယီချောင်းပိတ်ဆည်များ တည်ဆောက်ခြင်း၊ ဆိုလာနှင့် လျှပ်စစ်ရေတင်စနစ်များတည်ဆောက်ခြင်း၊ ကျေးလက်ထိန်းဆည်များပြုပြင်ခြင်း၊ သဘာဝဘေးအန္တရာယ်မှကာကွယ်နိုင်ရန် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ဖြည့်ဆွက်ဆွေးနွေးတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများထံ အနိမ့်တင်ဆိုလာပန့်များ လွှဲပြောင်းပေးအပ်သည်။  ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများမှ အနိမ့်တင်ဆိုလာပန့်ဖြင့် စိုက်ပျိုးရေပေးဝေနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူပျိုဆောင်နှင့် အမှုထမ်းအိမ်ရာများ တည်ဆောက်ခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်သားအင်အားတိုးမြှင့်‌ဆောင်ရွက်ရေး၊ ငလျင်ဘေးအပါအဝင်သဘာဝဘေးအန္တရာယ်များခံနိုင်ရည်ရှိ‌အောင် သတ်မှတ်စံချိန်စံညွှန်းနှင့်ပြည့်မီ‌အောင်ဆောင်ရွက်ရေးတို့ကိုမှာကြားကာ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(‌ဇေယျာမြေ)