ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ဆေးလိပ်ငွေ့ကင်းစင် အင်းလေးတခွင် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူပွဲ တက်ရောက်

ညောင်ရွှေ     အောက်တိုဘာ     ၂၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ဆေးလိပ်ငွေ့ကင်းစင် အင်းလေတခွင် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု ရွှေရန်ပြေကျေးရွာအနီးရှိ ညောင်ရွှေ- ရွှေညောင် ကားလမ်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမြေစိုက်ပိုစတာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းအစီအစဉ်အနေဖြင့် တိုးချဲ့ဖော်ဆောင်ရေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဝင်းနိုင်က Smoke Free Award ဆုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်း က Smoke Free Activities နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဆေးလိပ်ငွေ့ကင်းစင်ရေးနှင့် စပ်လျဉ်း၍ အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် တက်ရောက်လာသူများ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ