ရန်ကင်း အောက်တိုဘာ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ကွန်ဒိုတိုက်ခန်းများနှင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက် တစ်အိမ်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၁၁)နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးထိန်လင်းဦးဆောင်၍ ဒုတိယဦးစီးမှူး ဦးဇင်မင်းထွန်းဦး၊ မြို့နယ်လျှပ်စစ်မှ တာ၀န်ရှိသူများ၊ မြို့နယ်စည်ပင်အဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့၀င်များသည် မီးကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်မှုမရှိစေရေးအတွက် ရန်ကင်းမြို့နယ်အမှတ်(၁)ရပ်ကွက်၊ ရန်ကင်းလမ်းရှိ Golden City ကွန်ဒိုတိုက်ခန်းများတွင် တပ်ဆင်ထားရှိသည့် မီးငြှိမ်းသတ်ရေးစနစ်များ ကောင်းမွန်မှု ရှိ၊ မရှိစစ်ဆေးခြင်းကိုလည်းကောင်း၊ အမှတ်(၆)ရပ်ကွက်ရှိ လူနေအိမ်များတွင် မီးချိပ်၊မီးကပ်များထားရှိကြရန်၊ ဝါယာကြိုးများကို စနစ်တကျ ထားရှိကြရန်နှင့် ဆွေးမြည့်နေသောဝါယာကြိုးများအား စနစ်တကျထားရှိခြင်းနှင့် လဲလှယ်ခြင်းများ ပြုလုပ်ကြရန်၊ ရေသိုလှောင်ကန်ထားရှိရန်တို့ကိုလည်းကောင်း စစ်ဆေးခဲ့ကြောင်းနှင့် အိမ်ခြေပေါင်း(၉၆)လုံး လိုက်လံစစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။
ရဲလေး(ပြန်ဆက်)