နောင်ချိုမြို့နယ်၌ မြို့လုံးကျွတ်အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲကျင်းပ

နောင်ချို အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်​(မြောက်ပိုင်း)နောင်ချိုမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့လုံးကျွတ်အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က နောင်ချိုမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပရိတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌအပါအဝင် သံဃာတော်တော် (၁၁) ပါး ကြွရောက်ချီးမြှင့်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသူရိန်မင်းသိန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ် ၆ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများ၊ ပြည်သူများတက်ရောက်ခဲ့ကြသည်။

၎င်းနောက် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက မြို့ဦးကျောင်းဆရာတော် ဘဒ္ဒန္တအင်္ကုသထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ကြီးများက ပရိတ်တရားတော်၊ ပဌာန်းတရားတော်နှင့် ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှုငွေများ ဆက်ကပ်လှုဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ၎င်းနောက် နောင်ချိုမြို့ ထောင့်(၄)ထောင့်တွင် ဆရာတော်သံဃာတော်များမှ မော်တော်ယာဥ်ဖြင့်လှည့်လည်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ရပ်ကွက်များအတွင်း မော်တော်ယာဥ်ဖြင့် ပရိတ်ရေများ လှည့်လည်ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)