တောင်ကြီး အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၁၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က တောင်ကြီးမြို့၊ UCT Hotel ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရေး၊ စာနပ်ရိက္ခာဖူလုံရေး၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားတိုးတက်ရေး၊ အစားအစာ ဘေးကင်လုံခြုံစိတ်ချရေး၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျော့ချရေးတို့အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ပိုးသတ်ဆေးရောင်းချသူများအနေဖြင့် တောင်သူ လူနှင့်ပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းစေရေး ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်စေရေး သုံးစွဲသင့်သည့် ပိုးသတ်ဆေးများကို လယ်သမားများအား စနစ်တကျ ရောင်းချပေးရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ သီးနှံ ကာကွယ်ရေးဦးစီးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆိုင်းရောမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက သက်ဆိုင်ရာဘာသာရပ်အလိုက် အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါသင်တန်းအား ၂၅-၁၀-၂၀၂၅ ရက်နေ့မှ ၂၇-၁၀-၂၀၂၅ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး၊ ပိုးသတ်ဆေးရောင်းချသည့် လုပ်ငန်းရှင်များ ရှမ်းပြည်နယ်တောင်ပိုင်းမှ (၁၁၃)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၅)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၁၀) ဦး၊ ကယားပြည်နယ်မှ (၂)ဦး၊ စုစုပေါင်းသင်တန်းသား (၁၃၀)ဦး တက်ရောက်ကြကြောင်းသိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)