ရန်ကုန် အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် အောက်တိုဘာ ၂၄ ရက်နေ့နံနက်ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အောင်ဇေယျတံတားအဆင်းတွင် ဇလားပုံအုတ်စီရေမြောင်း ဆောင်ရွက်နေမှုနှင့် အောင်ဇေယျ တံတား တောင်ဘက်ခြမ်း လှိုင်မြစ် မြစ်ထွက်ပေါက် မြေအောက်ရေမြောင်း ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီးတစ်လျှောက် အုတ်ဖိုမှတ်တိုင်အနီးတွင် လမ်းတိုးချဲ့ရန်အတွက် လမ်းနယ်နှင့် လွတ်ကင်းရာတွင် ဓာတ်အားလိုင်းနှင့် ဓာတ်အားတိုင်များ အသစ်တည်ဆောက်ခြင်း၊ လမ်းနယ်တွင် ကျရောက်နေသော ဓာတ်အားလိုင်းနှင့် ဓာတ်အားတိုင်များအား ဖယ်ရှားခြင်း၊ လမ်းမီးဓာတ်အား လိုင်းများ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေးကြိုးများ တပ်ဆင်ခြင်းနှင့် စက်ယန္တရားများဖြင့် ရေစီး ရေလာ ကောင်းမွန်ရေး ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ အမှတ်(၄)လမ်းမကြီး တစ်လျှောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် လိပ်ပုတ်ချောင်း တံတားတွင် စက်ယန္တရားများဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု အခြေအနေများ အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းမီးတိုင်များအား လမ်းနှင့်လွတ်ကင်းရေး အမြန်ဆုံးစနစ်တကျ အန္တရာယ်ကင်းစွာ ရှင်းလင်းဆောင်ရွက်ရန်၊ ဆက်သွယ်ရေးကြိုးများအား စနစ်တကျ တပ်ဆင် ဆောင်ရွက်ရန်၊ လမ်းဘေး ဝဲ/ယာ ရေမြောင်း တစ်လျှောက် အမှိုက်၊ နုန်းများ ဆယ်ယူရှင်းလင်းရန်၊ မြက်ပင် ချုံနွယ်များ ရှင်းလင်းရန်၊ သန့်ရှင်း သာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား အချိန်တိုအတွင်းပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အမှတ်(၄)လမ်းမကြီးတစ်လျှောက် တညင်းကုန်းလမ်းဆုံမှ လိပ်ပုတ်ချောင်းတံတားအထိ လမ်းတိုးချဲ့ရန်အတွက် လမ်းနယ်နှင့် လွတ်ကင်းရာတွင် ဓာတ်အားလိုင်းနှင့် ဓာတ်အားတိုင် များ အသစ်တည်ဆောက်ခြင်း၊ လမ်းနယ်တွင် ကျရောက်နေသော ဓာတ်အားလိုင်းနှင့် ဓာတ်အားတိုင်များအား ဖယ်ရှားခြင်း၊ လမ်းမီးဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေးကြိုးများ တပ်ဆင်ခြင်းနှင့် စက်ယန္တရားများဖြင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)