ကလောမြို့၌ ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တောင်ကြီး  အောက်တိုဘာ  ၂၆

ကျောင်းသား/ကျောင်းသူများ စာအုပ်/စာပေများနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ကလောမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွေက  အမှာစကားပြောကြားပြီးနောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စာပေဟောပြောပွဲတွင်ပါဝင်‌ဟောပြောခဲ့သည့် စာပေပညာရှင်များနှင့် ဉာဏပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ပေး ခဲ့ကြသည့် စာရေးဆရာများနှင့် ဆရာ/ဆရာမများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။

ယင်းနောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဉာဏပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဆုရကျောင်းသား/ ကျောင်းသူများက ပြန်လည်သရုပ်ပြ တင်ဆက်သည်။ ဆက်လက်၍ ထာဝရသစ္စာသီချင်းဖြင့်လည်းကောင်း၊ မှုံရွှေရည်သီချင်းဖြင့်လည်းကောင်း၊ ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများအား ကလောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်းက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရှမ်းပြည်နယ် စာကြည့်တိုက်များဖောင်းဒေးရှင်း နာယကနှင့်အဖွဲ့ဝင်များ၊ တောင်ကြီးနှင့်ကလောမြို့နယ်မှ စာရေးဆရာ အသင်းဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ပြည်နယ် ပြန်/ဆက်