ချမ်းမြသာစည် အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံပြီး စာပေဗဟုသုတလေ့လာ ဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်းတွင် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ကျောင်းသား/သူများအနေဖြင့် ကျောင်းစာကြည့်တိုက်များကို အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာပေ၏အကျိုးကျေးဇူးများအကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင် ပြပွဲများ ပြသပေးခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့်အတူ သုတ/ရသ စာအုပ် (၁၃၄) အုပ်ကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ချမ်းမြေ့(ချမ်း/စည်)