ချမ်းမြသာစည်မြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ချမ်းမြသာစည် အောက်တိုဘာ ၂၅

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည် မြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာဝန်ခံကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းက Moderatorအဖြစ် ဦးဆောင်‌ဆွေးနွေးခဲ့ပြီး Grade-10 နှင့် Grade-8 တို့မှ ကျောင်းသား၊‌ ကျောင်းသူ‌လေးများက လူငယ်နှင့်မူးယစ်‌ဆေးဝါး၊ လူ့အခွင့်အရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ ကျား/မတန်းတူ ညီမျှရေး စသည့် ခေါင်းစဉ်များဖြင့် ‌အသီးသီးဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းသို့ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ အမှတ်(၃) အထက်တန်းကျောင်း(ခွဲ)မှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး‌နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့ (ချမ်း/စည်)