ရန်ကုန် အောက်တိုဘာ ၂၅
မျိုးဆက်သစ်တိုက်ကွမ်ဒိုအားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ကာ JN 25 TAEKWON DO CLUB ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘစံလမ်းရှိ The Zawana Badminton & Sport Arena ၌ကျင်းပပြုလုပ်သည်။
ယင်းတိုက်ကွမ်ဒိုကလပ်ဖွင့်ပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး၊ဒုတိယကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကွမ်ဒိုကလပ်များမှ သင်တန်းသား၊သင်တန်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က အမှာစကားများအသီးသီးပြော ကြားခဲ့ကြသည်။
ထို့နောက် တိုက်ကွမ်ဒိုကလပ်များမှ သင်တန်းသား၊သင်တန်းသူများက တိုက်ကွမ်ဒိုကစားကွက် များဖြင့် သရုပ်ပြသခဲ့ကြသည်။ “ဒီသင်တန်းက မြန်မာနိုင်ငံမှာဖွင့်တဲ့သင်တန်းတွေထဲမှာ အောင်မြင်မှုရရှိနိုင်မယ့် သေချာတဲ့သင်တန်းတစ်ခုလည်းဖြစ်ပါတယ်၊ ကျွန်တော့်အမြင်အရဆိုရင်တော့ မြန်မာနိုင်ငံမှာ တိုက်ကွမ်ဒိုစတင်တည်ထောင်တည်းက လက်ရှိဒီနှစ်ပိုင်းတွေမှာ နည်းပြသင်တန်းတွေလည်း အများကြီးထွက်ပေါ်လာတယ်၊ ကိုယ်ပိုင်နည်းပြသင်တန်းတွေကတစ်ဆင့်လည်းနိုင်ငံ့လက်ရွေးစင်တွေ ထွက်ပေါ်လာတဲ့အတွက် အခုလိုမျိုးသင်တန်းနည်းပြတွေ၊ သင်တန်းတာဝန်ခံတွေအားလုံးကလည်း အရင်တုန်းက လက်ရွေးစင်တွေ နိုင်ငံ့လက်ရွေးစင်အထိ ကစားခဲ့တဲ့သူတွေကနေ တိုက်ရိုက်သင်ကြားပေးတာဖြစ်တဲ့အတွက် အောင်မြင်မှုရမယ့်သင်တန်းတစ်ခု ဖြစ်လာမှာပါ” ဟုမြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်အတွင်းရေးမှူး ဦးနိုင်လင်းကပြောသည်။
အဆိုပါ JN 25 တိုက်ကွမ်ဒိုကလပ်မှ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ စတင်ကာ သင်တန်းသား၊ သင်တန်းသူများအား တိုက်ကွမ်ဒိုလက်ရွေးစင်ကစားသမားဟောင်းကြီးများက လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းသားဦးရေကန့်သတ်ထားခြင်းမရှိကြောင်း၊ မျိုးဆက်သစ်တိုက်ကွမ်ဒိုအားကစားသမားများအား ထူးချွန်ထက်မြက်ကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)