ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုလှည့်လည်ကြည့်ရှု

စစ်တွေ    အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့် လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တွင် တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်း အောင်စကြာမုနိဘုရားအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများက စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်းပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်သည်  လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လောကာနန္ဒာစေတီတော်မြတ်ကြီး သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည့် ဝန်ထမ်းများသည် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်းနှင့် လောကာနန္ဒာ စေတီတော်မြတ်ကြီး အနီးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြစဉ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလည်း စွန့်ပစ်အမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)