ရန်ကုန် အောက်တိုဘာ ၂၅
အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ UMFCCI မှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့ချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အောက်မြန်မာပြည်ရှိ တိုင်းဒေသကြီး/ ပြည်နယ်များမှ ခုံသမာဓိအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၁၈၀) ဦးခန့် တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့်အညီ ညှိနှိုင်းဖျန်ဖြေ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များ၊ ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်မှုများ၊ အငြင်းပွားမှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးဖလှယ်ခြင်းဖြင့် အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များအတွက် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အငြင်းပွားမှုများ လျော့နည်းမှသာ ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင် အေးချမ်းသာယာမည်ဖြစ်သည့်အတွက် လုပ်ငန်းခွင်အတွင်း အခက်အခဲများ၊ လိုအပ်ချက်များ အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)ဖြင့် ဆွေးနွေးညှိနှိုင်းခြင်း၊ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများနှင့် ပတ်သက်၍ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့ဖြင့် အဆင့်ဆင့်အဆုံးအဖြတ်ခံယူခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းပြီးစီးမှုများ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများ ယုံကြည် အားထားမှုရှိစေရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုများ လျော့နည်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ပထမပိုင်းအစီအစဉ်ရုပ်သိမ်းကာ ဒုတိယပိုင်းအစီအစဉ် ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင်းပသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားရာတွင် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေး အတွက် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၁၅)ခုတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (၉၀)ရုံးဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်လိုင်စင်ကို ခွင့်ပြုထုတ်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းအလုပ်အကိုင်များ ရရှိရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) များကို ၂၀၁၂ ခုနှစ်မှစ၍ ပြုလုပ်ခဲ့ရာ စုစုပေါင်းအကြိမ်ရေ (၈၀)ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair)ကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အလုပ်လာရောက်လျှောက်ထားသူများနှင့် ပြပွဲတွင်ပါဝင်ပြသသော ကုမ္ပဏီများ၊ လုပ်ငန်းများမှ ပြခန်းများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ်(၂/၂၀၂၅) သင်တန်းဖွင့်လှစ်ပို့ချနေမှုများကို ယမန်နေ့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ဇွဲထက်ကို(ပြန်/ဆက်)