သထုံ အောက်တိုဘာ ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်(ပဋ္ဌာန်းနှင့် ဓမ္မစကြာ) ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သထုံမြို့ သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ ဘန္ဒန္တသုမနာဘိဝံသထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြပြီး သထုံမြို့နယ်ပညာရေးမှူး ဦးမြင့်ထွေးက ရွတ်ဆိုပူဇော်မှုအကောင်းဆုံး ရွေးချယ်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။
ယင်းနောက် ရွေးချယ်ပွဲ ကျင်းပရေးကော်မတီဝင်တစ်ဦးက ပဋ္ဌာန်းနှင့် ဓမ္မစကြာဒေသနာတော် ရွတ်ဆိုပူဇော်ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူအပေါင်းတို့က သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယကရောတော်ထံမှ အနုမောဒနာတရားတော်များ နာကြားခဲ့ကြသည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်(ပဋ္ဌာန်းနှင့် ဓမ္မစကြာ)ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲတွင် သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၂၁ ကျောင်းတို့မှ ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်မည့်အသင်း ၁၆ သင်း၊ ဓမ္မစကြာရွတ်ဆိုပူဇော်မည့်အသင်း ၂၁ သင်း၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ဝတ်ရွတ်အသင်း ၃၇ သင်းတို့က အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်နှင့် ဒက္ခိဏဒီပံ ဗိမာန်တော်တို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)