မိုင်းယောင်း အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးဖြစ်ထွန်းမှု စံကွက်ရိတ်သိမ်းခြင်း ကွင်းလက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဝမ်ဘိုးကျေးရွာ ကွင်းအမှတ်(၁၂) ဦးပိုင်/၇ တောင်သူဦးစိုင်းသီဟ၏ လယ်မြေ ၆ ဒသမ ၁၀ ဧက၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်က အမှာစကားပြောကြား၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်မိုးက မြို့နယ်အတွင်း လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးမှုအခြေအနေနှင့် ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများအား စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် လက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ(၃) စိုက်ခင်းအား စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် အစိုအထွက် တင်း ၁၇၀၊ အခြောက်အထွက် ၁၄၅ တင်း ထွက်ရှိသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ဆရာဆရာမနှင့် ကျောင်းသား ကျောင်းသူများ၊ တောင်သူများ စုစုပေါင်း ၈၃ ဦး တက်ရောက်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း