ချမ်းအေးသာစံ အောက်တိုဘာ ၂၅
ကျောင်းသား၊ ကျောင်းသူများအား အသိဥာဏ်ပညာမြင့်မားစေရန်နှင့် စဥ်းစားတွေးခေါ်တတ်စေရန်တို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆)အခြေခံပညာ အလယ်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ဦးစွာ အမှတ်(၁၆)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ “လူငယ်များ၏ဘဝတက်လမ်းကို ဖျက်ဆီးစေတဲ့ မူးယစ်ဆေးဝါးအကြောင်းအရာများနှင့် ကျောင်းသားလူငယ်များ သိရှိမှတ်သားစေရန် ဗလငါးတန်အကြောင်းအရာများ” စတဲ့ သိမှတ်ဖွယ်ရာများကို ပြောကြားခဲ့သည်။
အခမ်းအနားပြီးတွင် အမှတ်(၁၆)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက် သုတ၊ ရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်တားဆီးရေးနှင့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ စသည့် နံရံကပ်ပိုစတာများအား ပြသခဲ့ကြောင်း သိရှိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)