ကျောက်ဆည် အောက်တိုဘာ ၂၅
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စဉ်ဆက်မပြတ်ကျင်းပပြုလုပ်လျက်ရှိရာ အောက်တိုဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ(၁)နာရီက ကျောက်ဆည် မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့မအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီလင်းက အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာစာပေယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ၊ စာရေးဆရာကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ စာရေးဆရာကိုရွှေအောင်သင်းက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရှိရပြီး အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ ကျောင်းသူလေးများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ရသ စာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)