မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်

မရမ်းကုန်း   အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အောက်တိုဘာ ၂၄ ရက်နေ့နံနက် ၁၀ နာရီက (Book Club) စာပေချစ်သူများအဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာမ မို့(သဲကုန်း) ရေးသားထားသည့် “အစွမ်းအစ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ မြေလတ်ထင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ်မှ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့်ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများနှင့် စာပေချစ်မြတ်နိုးသူများက စာရေးဆရာမ မို့(သဲကုန်း) ရေးသားထားသည့် “အစွမ်းအစ” ဆောင်းပါးပါ အကြောင်းအရာများ၊ စကားလုံးအသုံးအနှုန်း၊ အကြောင်းအရာများ ဆက်စပ်မှု လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ် စာစောင်များ၊ သုတရသစာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)