အင်းစိန်အောက်တိုဘာ ၂၅
MYANWEN BEAUTY 2025 THE MSME SHOWCASE အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)မှ နာယကများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖြူဖြူဝင်း၊ မြန်မာ့စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် MYANWEN WOMEN ENTREPRENEURS NETWORK(MYANWEN) ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်၊ မြန်မာနိုင်ငံ အလှကုန် အသင်း Myanmar Cosmetics Association ဒုတိယဥက္ကဋ္ဌ ဒေါ်နီနီအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားအား ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် MYANWEN WOMEN ENTREPRENEURS NETWORK(MYANWEN)နှင့် မြန်မာနိုင်ငံ အလှကုန်အသင်း MYANMAR COSMETICS ASSOCIATION (MCA) တို့၏ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က အမှာစကားပြောကြားသည်။ ၎င်းနောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် MYANWEN WOMEN ENTREPRENEURS NETWORK(MYANWEN)နှင့် မြန်မာနိုင်ငံ အလှကုန်အသင်း MYANMAR COSMETICS ASSOCIATION (MCA) တို့၏ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန်က အမှတ်တရလက်ဆောင်များကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်တို့က လက်ခံရယူခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ဖွင့်လှစ်ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။အဆိုပါ MYANWEN BEAUTY 2025 THE MSME SHOWCASE ကို အောက်တိုဘာလ(၂၄)ရက်နေ့မှ အောက်တိုဘာလ(၂၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)