မိုင်းဆတ်မြို့၊ မိုင်းတွမ်းတောင်ပေါ်ဒေသဇေတဝန်ကျောင်းတိုက်ရှိ မြတ်ဘုန်းခေါင်ဆုတောင်းပြည့် ကိုးနဝင်းစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲကျင်းပ

မိုင်းဆတ် အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ဒေသ ဇေတဝန်ကျောင်းတိုက်အတွင်း၌ ဉာဏ်တော် ၂၇ တောင်ရှိ ရွှေတိဂုံပုံတူမြတ်ဘုန်းခေါင်ဆုတောင်းပြည့် ကိုးနဝင်းစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲကို အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီက အဆိုပါကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကြွရောက်လာသော ဆရာတော်အရှင်သူမြတ်အပေါင်းနှင့် ဧည့်ပရိသတ်အပေါင်းက နမောတဿသုံးကြိမ် ရွတ်ဆိုကာ ဘုရားကန်တော့ကြပြီး ဧည့်ပရိသတ်အပေါင်းက နတ်မောက်မြို့ သုခိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာဂရထံမှ ငါးပါးသီလခံယူဆောက်တည်သည်။ ထို့ နောက် ကြွရောက်လာသော ဆရာတော်အရှင်သူမြတ်များက ''ဒိဝါတပတိအာဒိစ္စော'' အစချီသော သဗ္ဗမင်္ဂလာဂါထာရွတ်ဖတ်တော်မူပြီး ပြည်နယ်သံဃာ့ဝန်ဆောင် မြို့ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတက အမှတ်တရဩဝါဒစကားမိန့်ကြားကာ ဆရာတော်အရှင်သူမြတ်အပေါင်းက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူသည်။

ထို့နောက် အလှူရှင်များက စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်မြတ်၊ ရွှေထီးတော်အဆင့်ဆင့်နှင့် လှူဖွယ်ဝတ္ထုများအား ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပုညဝံသထံမှ ရေစက်ချအနုမောဒ နာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။

ယင်းနောက် အဆိုပါ စိန်ဖူးတော်မြတ်နှင့် ရွှေထီးတော်အဆင့်ဆင့်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်(၃)ကြိမ်လှည့်လှည်ပူဇော်ကာ  ရွှေထီးတော်တင်လှူပူဇော်ရန် ဆောင်ရွက်ကြမည့် ဆရာတော်အရှင်သူမြတ်များနှင့် ဥပါသကာကြီးများက စေတီတော်ငြမ်းအထက်သို့ ကြွရောက်နေရာယူကြပြီး မင်္ဂလာအခါတော်ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ရထားပျံတော်ယာဉ် ဖြင့် ရွှေထီးတော်များ ပင့်ဆောင်တင်လှူပူဇော်ကာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)