သုံးခွ အောက်တိုဘာ ၂၅
ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ် (မြို့နယ်အားကစားခန်းမ) တွင် အောက်တိုဘာ (၂၃)ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ယာယီတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက စိုက်ပျိုးရေးထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်တွင်းစားသုံးသူများ အစားအစာ ဘေးကင်းလုံခြုံမှုရှိရေးသည် အရေးကြီးကြောင်း၊ စိုက်ပျိုးသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ထွက်ရှိလာသော သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ ဝန်ထမ်းများ၊ သီးနှံစိုက်တောင်သူများ၊ ပိုးသတ်ဆေးအရောင်းဆိုင်များ၊ ဝယ်ယူကြိတ်ခွဲသိုလှောင်ရောင်းချသူများ၊ စိုက်ပျိုးရေးထွက်ကုန်များကို တင်ပို့ရောင်းချနေသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ အတူတကွ ပူးပေါင်းဆောင်ရွက်ပါက ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သော သီးနှံများကို ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက စပါးနှင့် ပဲတီစိမ်းတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးအတွက် စမ်းသပ်ကွက်ဆောင်ရွက်ရန် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးများကို တောင်သူလယ်သမားများထံ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)မှ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာပညာရှင်များမှ သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးအတွက် ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲရေးနှင့် ဘက်စုံသီးနှံကာကွယ်ရေးနည်းစနစ်များအား ကျင့်သုံးဆောင်ရွက်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေး၊ မြေဆီလွှာ အာဟာရဓာတ်များ ဖြည့်သွင်းပေးရေး၊ သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများထည့် သွင်းအသုံးပြုရေး၊ ဓာတ်မြေဩဇာစနစ်တကျ အချိန်ကိုက် အချိုးကျသုံးစွဲရေး အကြောင်းအရာများကို ပညာပေးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားကာ အသိပညာပေး စာအုပ်စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တောင်သူလယ်သမားများ၊ ပိုးသတ်ဆေးရောင်းချသူ လုပ်ငန်းရှင်များ၊ ပိုးသတ်ဆေးကုမ္ပဏီ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် ပညာပေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
စည်သူလင်း(ပြန်/ဆက်)