ဟိုပုံး အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းပါ လုပ်ငန်းထူထောင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ(၂၃)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာ စကားပြောကြားရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်းများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ ကျေးရွာ(၁၈)ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ အကောင်အထည်ဖော်နိုင်မှု အနေနဲ့ သင်တန်းသား(၂၁၆)ဦးကို သင်ကြားပေးနိုင်ခဲ့ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းထူထောင်နိုင်သူ(၇၅)ဦးရှိခဲ့ပါကြောင်း၊ စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ ကျေးရွာတစ်ရွာအတွက် ကျပ်(၁၂)သန်းအနက် ကျပ်(၅)သန်းကို စီမံကိန်းဒေသမှာတောင်းဆိုသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးပြီး ကျန်ရှိတဲ့ကျပ်(၇)သန်းအား လုပ်ငန်းထူထောင်မည့် သင်တန်းသား/သူ (၅)ဦးကို တစ်ဦးလျှင်ကျပ်(၁၄)သန်းနှင့်ညီမျှတဲ့ လုပ်ငန်းသုံးပစ္စည်းများပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားမှာတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စီမံကိန်းလုပ်ငန်း(၆)ခုမှ လုပ်ငန်းထူထောင်လုပ်ကိုင်မည့် ထူးချွန်သင်တန်းသား(၃၀)ဦးအတွက် လုပ်ငန်းသုံးပစ္စည်း အမယ်(၈)မျိုး၊ အရေအတွက်အားဖြင့် (၁၂၀)ခုအား ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ယခုလိုလုပ်ငန်း စတင်ထူထောင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်ခြင်းဟာ တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ငန်းငယ်များ စတင်ထူထောင်ရာမှာ အဓိကအတားအဆီးဖြစ်တဲ့ ရင်းနှီးမတည်ငွေ အခက်အခဲကို ကျော်လွှားစေချင်တာပဲ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့ ယခုလို MSMEs လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာမှာ မိမိဒေသ ဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့နဲ့ အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်များကလည်း မိမိတို့ တာဝန်ယူထားတဲ့လုပ်ငန်းများ အောင်မြင်နိုင်ရေး စေတနာအပြည့်နဲ့ ဆောင်ရွက်ပေးကြရန်မှာကြား လိုကြောင်း၊ ထို့အပြင် လုပ်ငန်းစတင်ထူထောင်သူများအနေဖြင့်လည်း လေ့လာသင်ယူထားတဲ့ အတတ်ပညာအရင်းအမြစ်များကို ထိရောက်စွာ အကျိုးရှိရှိ အသုံးချသွားရန်နဲ့ ပြည်သူလူထုကို အသက်သာဆုံးနဲ့ အကောင်းဆုံးဝန်ဆောင်မှုများပေးသွားရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာမှာ အခက်အခဲများ ကြုံတွေ့လာပါကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့် သို့တင်ပြပြီး အားလုံးပူးပေါင်းဖြေရှင်းသွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးတို့က ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း ပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းတို့တွင် သင်တန်းသား/ သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြပြီးနောက် လုပ်ငန်းသုံးပစ္စည်းများ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်နှင့် အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့မှ သင်တန်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)