ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တတိယအကြိမ်မြောက် တိုင်းရင်းသားရေးရာဝန်ကြီး ဖလား၊ မျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အသင်းများအား အားကစားဝတ်စုံနှင့် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်

မြစ်ကြီးနား    အောက်တိုဘာ    ၂၅

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများအားလုံးအကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ညီအစ်ကိုသားချင်းစိတ်ဓာတ်ကို မြှင့်တင်နိုင်ရန်အတွက် တတိယအကြိမ်မြောက် ကျင်းပပြုလုပ်မည့် တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းများအား အားကစားဝတ်စုံနှင့် ထောက်ပံ့ငွေ များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေါက်တာဆလိုင်းငွန်းကျုံးလျန်နှင့် တာဝန်ရှိသူများ၊ ဒေသတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဘောလုံးအသင်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးအားကစားနည်းသည် တိုင်းရင်းသားအားလုံးကို ပိုမိုရင်းနှီးချစ်ခင်မှု၊ ညီညွတ်မှုနှင့် ကျန်းမာပျော်ရွှင်မှုဆီကို ပို့ဆောင်ပေးတဲ့ အကောင်းဆုံး အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲသည် အားကစားနည်းတစ်မျိုးသားမက တိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဂုဏ်ယူစွာပြသရာနေရာ၊ တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ လေးစားမှုကို တည်ဆောက်ရာနေရာဖြစ်သည့်အပြင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် အားမာန်သစ် တွေ့ရရှိရာ နေရာတစ်ခုဖြစ်သည်ကို နားလည်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလို မျိုးနွယ်စုပေါင်းစုံ ပူးပေါင်းပါဝင်သည့် အားကစားပွဲများကို မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အစဉ်အမြဲအားပေးကူညီသွားမည်ဖြစ်ပါကြောင်းနှင့် ဘောလုံးပွဲမှတစ်ဆင့် မိမိတို့ပြည်နယ် ပိုမိုတိုးတက် ခိုင်မြဲပြီး စည်းလုံးညီညွှတ်လာမည်ဟု ယုံကြည်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က မျိုးနွယ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲများ နှစ်အလိုက် ကျင်းပပြုလုပ်ပေးခဲ့သည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရေး ပြောကြား သည်။

ထို့နောက် အားကစားဝတ်စုံနှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဂျိမ်းဖော၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူတိုင်းရင်းသားမျိုးနွယ်စု ဘောလုံးအသင်းများအတွက် လည်းကောင်း၊ ဒုတိယဝန်ကြီးက ရဝမ်၊ ဇိုင်းဝါး၊ တိုင်းလေ၊ တိုင်းလိုင်မျိုးနွယ်စု ဘောလုံးအသင်းများအတွက် လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းခမ်းတီ၊ တိုင်းလိုင်၊ တိုင်းဆာနှင့် ဗမာတိုင်းရင်းသားမျိုးနွယ်စု ဘောလုံးအသင်းများအတွက် လည်းကောင်း အားကစားဝတ်စုံများနှင့် ထောက်ပံ့ငွေကျပ် (၁၀)သိန်းစီကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ မြန်မာနိုင်ငံလီဆူစာပေနှင့်ယဉ် ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအားဆီက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာနယ်မြေ (၆)အတွင်းရှိ မနောမြေပညာရေးစင်တာအတွင်း ဖွင့်လှစ်သည့် အကြီးကိုကို စာကြည့်တိုက် (၁၆) ဖွင့်ပွဲသို့ တက်ရောက်ရာ ကျောင်းသား/ ကျောင်းသူများနှင့် ဘင်ခရာအဖွဲ့တို့ကို ကြိုဆိုဂုဏ်ပြုကြသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို စင်တာအတွင်း ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူလေးများက ဂျိမ်းဖောတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူများ စာပေကို ဖတ်ရှုလေ့လာသည့် အလေ့အထကျောင်းများ ဖြစ်ပေါ်ထွန်းကားလာစေရေး စာကြည့်တိုက်များ ပြန်လည်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ယခုလို စာကြည့်တိုက် ဖွင့်လှစ်ပေးသည့် အကြီးကိုကိုအား ကျေးဇူးတင်ရှိပါ ကြောင်း၊ ထို့အပြင် လူငယ်များအနေဖြင့်လည်း စာပေ၏ တန်ဖိုးကို နည်းလည်ပြီး စာပေကရသည့် အတွေးအခေါ်အသိပညာဗဟုသုတများကို လက်တွေ့ဘဝနယ်ပယ်တွင် အသုံးပြုခြင်းဖြင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

ထို့နောက် စာရေးဆရာအကြီးကိုကို (ကသာ)က (၁၆)ခုမြောက် စာကြည့်တိုက်ဖွင့်လှစ်နိုင်ရေး မနောမြေပညာရေးစင်တာမှ အရှင်ဘဒ္ဒန္တဝါသေဋ္ဌ၏ မိန့်မှာကြားမှုအပေါ် လှူဒါန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မနောမြေပညာရေးစင်တာမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် (၃)ဘာသာဂုဏ်ထူးနှင့် (၂)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူနှစ်ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀)သိန်းကို လည်းကောင်း၊ စာကြည့်တိုက်ဖြစ်မြောက်အောင်မြင်ရေးအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ် (၁၅)သိန်းကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ရာ ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌက ကျေးဇူးတင်ဝမ်းမြောက်ကြောင်းစကားပြန်လည် မြွက်ကြားခဲ့သည်။

ထို့နောက် အကြီးကိုကို စာကြည့်တိုက် (၁၆)ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အကြီးကိုကို(ကသာ)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စာကြည့်တိုက်အတွင်း လှူဒါန်းထည့်သွင်းထားသည့် သုတ/ရသ စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)