စစ်တွေ အောက်တိုဘာ ၂၅
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြသည့် ရခိုင်ပြည်နယ်ကိုယ်စားပြုအဖွဲ့အား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ၊ River View စားသောက်ဆိုင် ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်ပြည်နယ် ကိုယ်စားပြုအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားပေါင်း (၉၃) ခု ရှိသည့်အနက် ရခိုင်ပြည်နယ်အနေဖြင့် ပြိုင်ပွဲအမျိုးအစားပေါင်း (၂၁)မျိုး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်နှစ်ဆု၊ ငွေတံဆိပ်သုံးဆု၊ ကြေးတံဆိပ်ငါးဆု၊ အထူးဆုတစ်ဆု စုစုပေါင်း ဆုတံဆိပ် (၁၁)ဆု ရရှိ ခဲ့ကြောင်း၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု သျှင်ဒိုင်ယမ်းအဖွဲ့မှ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း၊ ယခုနှစ်တွင် နယ်မြေဒေသ အခြေအနေအရ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်များကို ကျင်းပနိုင်ခဲ့မရှိခြင်းတို့ကြောင့် ပြိုင်ပွဲအမျိုးအစား (၂၁)မျိုးသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် မျိုးဆက်သစ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ဖော်ထုတ်လေ့ကျင့်ပေးရန်လိုအပ်လျက်ရှိကြောင်းနှင့် အထူးသဖြင့် အတီးအနုပညာရှင် မျိုးဆက်သစ်များ မွေးထုတ်ပေးရန်း အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခက်အခဲအမျိုးမျိုးကြားက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူ၊ နည်းပြများကိုလည်း ကျေးဇူးတင်ကြောင်း၊ နောင်နှစ်ပြိုင်ပွဲများတွင် ယခုထက်မက ကြိုးစားအားထုတ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များ၏ ပါဝင်ယှဉ်ပြိုင်ခဲ့မှုမှတ်တမ်း ဗီဒီယိုအားပြသသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ရခိုင်ပြည်နယ် ကိုယ်စားပြုအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး စည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်ရုံး အဆောက်အဦ ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်လွှတ်တော်ရုံး အဆောက်အဦများ တင့်တယ်လှပသပ်ရပ်စွာ ပြင်ဆင်နိုင်ရေးအတွက် စိစစ်ရေးကော်မတီကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အတွင်းရေးမှူးကို ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် အပါအဝင် အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း၊ စိစစ်ရေးကော်မတီအနေဖြင့် လွှတ်တော်ရုံးနှင့် အဆောက်အဦများကို ဂုဏ်အင်္ဂါရပ်နှင့်အညီ တင့်တယ်လှပစွာ ပြင်ဆင်နိုင်ရေးအတွက် ဦးစားပေး လိုအပ်ချက်များအား စိစစ်၍ ခန့်မှန်းခြေစာရင်းရေးဆွဲပြီး တင်ပြသွားရန်ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ကော်မတီမှလည်း မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆောက်အဦ ပြုပြင်ရာတွင်လည်း အရည်အသွေးကောင်းမွန်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ လွှတ်တော်အဆောက်အဦအပြင် လွှတ်တော်ဥက္ကဋ္ဌတို့၏ နေအိမ်များ၊ အဆောင်အယောင်မော်တော်ယာဉ်များ၊ အဆောက်အဦများကို အဆင်သင့်ဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လွှတ်တော်ရုံးအတွင်းမှာရှိသည့် အစည်းအဝေးခန်းမများ၊ စားသောက်ခန်းများ၊ ကိုယ်စားလှယ်နားနေဆောင်များနှင့် ဝန်ထမ်းများ၏ နေအိမ်လိုင်းခန်းများကိုလည်း စနစ်တကျ ဖြစ်စေရေးပြုပြင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှ ရွေးကောက်ပွဲပြီးနောက် ပေါ်ထွန်းလာမည့် အစိုးရအဖွဲ့နှင့်လွှတ်တော်အား စနစ်တကျ လွှဲပြောင်နိုင်ရေးအတွက် ယခုကတည်းက တက်ရောက်လာသူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများအနေဖြင့် မိမိတို့ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာကော်မတီဥက္ကဋ္ဌထံတင်ပြပြီး ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရခိုင်ပြည်နယ် လွှတ်တော်ရုံးအဆောက်အဦ ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင် ပြသည်။
ယင်းနောက် ရခိုင်ပြည်နယ်လွှတ်တော်ရုံးနှင့် အဆောက်အဦများ တင့်တယ်လှပသပ်ရပ်စွာ ပြသင်ဆင်နိုင်ရေးအတွက် စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌက ရှင်းလင်းတင်ပြသည်။ ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)