ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်အားပေး

ရန်ကုန် အောက်တိုဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။

ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊  အင်းစိန်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းဇော်၊  အင်းစိန်ခရိုင်  ရပ်မိ၊ ရပ်ဖ ဦးအုန်းရွှေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "စာပေ၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် ဟောပြောမည့် စာရေး ဆရာမတက္ကသိုလ် မြမဉ္ဇူကို ဂုဏ်ပြုလက်ဆောင်အားလည်းကောင်း၊ ကျောင်းစာကြည့် တိုက်များ အတွက် သုတ/ရသ စာအုပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အား လည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် သုတ/ရသ စာအုပ်ပြခန်းများ၊ စာအုပ် အရောင်းဆိုင်များ၊ ကြက်ခြေနီအသင်းမှ အသိပညာပေး ပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာ‌ပေး ပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးပြခန်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ အသိပညာပေးပြခန်း၊ မီးသတ်ဦးစီးဌာနမှ အသိပညာပေးပြခန်း၊ ကျောင်းသူများ၏ တီထွင်စမ်းသပ်ထားသည့်ပြခန်း စသည့်ပြခန်းများနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ Energiser Quiz ပြိုင်ပွဲ၊ စာပေစကားဝိုင်းဆွေးနွေးပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဂိမ်းကစားနည်း ပြိုင်ပွဲများ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှု အားပေးသည်။

ယင်းနောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား ဖြစ်မြောက်ရေးအတွက်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

၎င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ စာရေးဆရာမ တက္ကသိုလ် မြမဉ္ဇူက " စာပေ၏ အကျိုးကျေးဇူး " ခေါင်းစဉ်ဖြင့် စာပေအသိပညာများ ဟောပြောခဲ့ပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)