မြစ်သား အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ၁၃၈၇ခုနှစ်၊(၈၈)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် စည်ကား သိုက်မြိုက်စွာနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ရှိ ဝေယံဘုမ်မြင့်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာအခမ်းအနားကို ဆရာတော်သံဃာတော်နှင့် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ် ဆိုဖွင့်လှစ်ပြီး မင်းကုန်းစာသင်တိုက် မင်းကုန်းဆရာတော် ဦးကေလာသ ဆရာတော်မှ ငါးပါးသီလချီးမြှင့်တော်မူ၍ သြဝါဒကထာခံယူဆောက်တည်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ မြစ်သားမြို့ဝင် ဆိုင်းဘုတ်မှစ၍ ရှေ့ဆုံးမှမြတ်စွာဘုရားအားပင့်ဆောင်ပြီး ရပ်ကွက်၊ ကျေးရွာ၊ ဌာနဆိုင်ရာနှင့် မိသားစုများက ပြုလုပ်ထားသောပဒေသာပင်များအား မြို့အတွင်းလှည့်လည်ကြပြီး ရိုးရာယိမ်းအက၊ ရိုးရာဆင်အကနှင့် ဦးရွှေရိုးနှင့်ဒေါ်မိုး၊ နိုင်ငံကျော်တေးသံရှင်များပါဝင်သော ခေတ်ပေါ်တီးဝိုင်းများနှင့် အကအလှများ၊ ဒိုးပတ်အိုး စည်စသည့်ဖျော်ဖြေယာဉ်ကြီးများဖြင့် လှည့်လည်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေမုဋ္ဌောဘုရား ဂေါပကမှ ဘဏ္ဍာရေးမှူ ဦးခင်မောင်စိုးက တန်ဆောင် မုန်းလပြည့်နေ့တွင် ပင့်သံဃာတော်များအား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး မဟာဒုတ်မဲနှိုက်၍ မဲပေါက်သူတို့က မြသပိတ်တော်၊ လက်ဝဲတော်ရံ၊ လက်ယာတော်ရံတို့အားပင့်ဆောင်ပူဇော်ခြင်း ပဒေသာပင်များအားစာ ရေးတံမဲချ၍ မဲပေါက်သောကျောင်းများသို့အရောက် ပျော်ရွှင်စွာ ပို့ဆောင်လှူဒါန်းကြရမည်ဖြစ်ကြောင်းရှင်း လင်းပြောကြားခဲ့သည်။
တန်ဆောင်တိုင်ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအစည်းအဝေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရွှေမုဋ္ဌောဘုရားဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့ပေါ်(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)