စဉ့်ကိုင်မြို့နယ်လူထုအ‌ခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သုတ/ရသ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

စဉ့်ကိုင် အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (ကသဲစု)တို့ ပူးပေါင်း၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သုတ/ရသ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌  ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဆေးရောင်ခြယ်ပြိုင်ပွဲတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ကလေးစာဖတ်ခန်းအတွင်း ပြသထားသည့် သုတ/ရသ စုံလင်သော စာအုပ်စာစောင်များနှင့် အသိပညာဗဟုသုတဖြစ်ဖွယ် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)