လားရှိုး အောက်တိုဘာ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)က ကြီးမှူး၍ စိုက်ပျိုးရေးဦးစီးဌာနမှ သီးထပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ အခမဲ့ပေးအပ်ခြင်းနှင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၉) နာရီခွဲက ဟူးမွန်ကျေးရွာ ရေပူကွင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ မိုးစပါးစံကွက် ရိတ်သိမ်းဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများက ဟူးမွန်ကျေးရွာ ရေပူကွင်းတောင်သူ ဦးအိုက်ညွန့်၏ လယ်မြေ၌ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ စိုက်ပျိုးဧက တစ်ဧကလျှင် မိုးစပါး စုစုပေါင်း ၁၁၀ ဒဿမ ၃၀ တင်း ထွက်ရှိခဲ့သည်။
ထို့အပြင် တောင်သူများအား သီးထပ်တိုးချဲ့ စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးလယ်မြေ (၃၀)ဧကအတွက် နေကြာမျိုးစေ့များအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ဒေသခံတောင်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)