ကျောက်ဆည်မြို့နယ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေးစိုက်ပျိုးထားသည့် မိုးမြေပဲစိုက်ခင်းအား  ရိတ်သိမ်းရာတစ်ဧက(၇၂.၂၀)တင်းထွက်ရှိ

ကျောက်ဆည် အောက်တိုဘာ ၂၄

မန္တလေးတိုင်းသေကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံရေး ဆီထွက်သီးနှံအမျိုးမျိုး စိုက်ပျိုးလျက်ရှိကြောင်းနှင့် တောင်တော်ကျေးရွာ ကွင်းအမှတ်(၂၅၅ က) ဦးပိုင်အမှတ်(၆) တောင်သူဦးသာအောင် စိုက်ပျိုးထားသော ဆင်းပဒေသာ-၁၁ ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားသည့် မိုးမြေပဲစိုက်ခင်းအား ရိတ်သိမ်းရာ တစ်ဧက (၇၂.၂၀)တင်း ထွက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မြေပဲသီးနှံများကို ယာမြေများနှင့် ကိုင်းကျွန်းမြေများပိုင်ဆိုင်သည့် ပန်းခွာ၊ ကျီးပြ၊ ဒါန်းတိုင်၊ ဇရစ်ခဲ၊ အုန်းချော၊ သံရွာ၊ ကင်း၊ တောင်တော် စသည့်ကျေးရွာများတွင် စိုက်ပျိုးကြောင်းနှင့် မြေပဲသီးနှံများစိုက်ပျိုးမည်ဆိုပါက ဦးစွာထယ်ရေးညက်ညက်ဖြင့် မြေကိုကောင်းစွာပြုပြင်ထားပြီး အပင်ပေါက်ကောင်းမွန်စေရန်အတွက် မြေအစိုဓာတ်လုံလောက်ချိန်တွင် စိုက်ပျိုးရကြောင်း၊ မြေအမျိုးအစားနှင့် နယ်မြေဒေသအလိုက် မြေပဲအတောင့်အားခွာ၍အစေ့စိုက်ပျိုးခြင်းနှင့် မြေပဲအတောင့်တိုက်ရိုက်စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)